
နှစ်စဉ် ကျောင်းသားများသည် မိမိ၏ comfort zone မှ ထွက်ခြင်းဖြင့် စိန်ခေါ်မှုတစ်ခုကို ရယူလို၍ UWC သို့ လျှောက်ထားကြသည်။ သူတို့သည် အသစ်သော အမြင်များကို ဖွင့်လှစ်ရန်နှင့် အသစ်သော ကျွမ်းကျင်မှုများနှင့် အရည်အချင်းများကို ရှာဖွေရန် စိတ်အားထက်သန်ကြသည်။ ၎င်းသည် အတော်လေး စိန်ခေါ်မှုရှိသည့် အတွေ့အကြုံတစ်ခုဖြစ်စေကာမူ၊ ကမ္ဘာကို မြင်ကွင်းအသစ်ဖြင့် ပြောင်းလဲမြင်သာစေနိုင်သည့် အတွေ့အကြုံတစ်ခုလည်း ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် သင်လိုအပ်သောအရည်အချင်းများရရှိရန်၊ သင်ကိုယ်တိုင်လိုချင်သောဘဝရရှိရန်နှင့် အခြားသူများအတွက် သင်မြင်လိုသောပြောင်းလဲမှုများပြုလုပ်ရန် စိန်ခေါ်မှုနှင့်ကျယ်ပြန့်သောပညာရေးကို ကျွန်ုပ်တို့ကမ်းလှမ်းထားပါသည်။
UWC ရှိ ဘဝသည် မတူညီသော အတွေ့အကြုံများနှင့် အခွင့်အလမ်းများဖြင့် ဖွဲ့စည်းထားသည်။ ဒါဆို UWC ကျောင်းဝင်းထဲကို ခြေချပြီးတာနဲ့ သင်ဘာကို မျှော်လင့်နိုင်မလဲ။
ပညာရေးအရ သင်သည် International Baccalaureate Diploma Program (IBDP) အားဖြင့် စိန်ခေါ်မှုကြီးသော သင်ရိုးကို သင်ယူရမည်ဖြစ်ပြီး၊ အချို့သော ကျောင်းများတွင် IB နှင့် ပူးပေါင်းပြီး ပေးသော အခြား စိန်ခေါ်မှုများရှိသည့် လမ်းကြောင်းများကိုလည်း ရွေးချယ်နိုင်ပါသည်။ သို့သော် UWC ပညာရေးသည် သင်ကြားမှုအပြင် လူမှုအသိုင်းအဝိုင်းကျယ်ပြန့်မှု အတွေ့အကြုံအပေါ် ပိုမိုအခြေခံထားပါသည်။ ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံ၊ ယဉ်ကျေးမှုနှင့် လူမှုစီးပွားရေး နောက်ခံ မတူညီသည့် ကျောင်းသားများနှင့် အတူတကွ နေထိုင်တက်ကြခြင်းမှာ UWC ပညာရေးပုံစံ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ကျွန်ုပ်တို့၏ သက်ရောက်မှု သီအိုရီ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။
ပတ်ဝန်းကျင်ရှိ အသိုင်းအဝိုင်းများနှင့် ပူးပေါင်းဆောင်ရွက်သော စီမံကိန်းများတွင် ပါဝင်ခြင်းအားဖြင့် သင်သည် ပြောင်းလဲမှုအတွက် မျှော်လင့်ချက်ကို လက်တွေ့လုပ်ဆောင်နိုင်ရန် သင်ယူရမည် ဖြစ်သည်။ အိုးလုပ်ခြင်း မှစ၍ စကိတ်စီးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ တောင်တက်ခြင်း ကဲ့သို့ ဖန်တီးမှုနှင့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု များစွာကို စူးစမ်းသင်ယူခြင်းဖြင့် သင်၏ ကျွမ်းကျင်မှုအသစ်များ ဖွံ့ဖြိုးတိုးတက်ပြီး မိမိလုပ်နေကြအရာများမှ ကျော်လွန်ပြုလုပ်ရန် အားပေးခံရမည် ဖြစ်သည်။ အတန်းဖော်များနှင့်အတူ မိမိရဲ့ စီမံကိန်းများနှင့် လှုပ်ရှားမှုများကို စတင်တည်ထောင်ခြင်းအားဖြင့် သင်သည် ပြောင်းလဲမှုဖန်တီးသူနှင့် အပြည်ပြည်ဆိုင်ရာ ခေါင်းဆောင်တစ်ဦးအဖြစ် ကြီးထွားလာမည် ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းမှ ကျောင်းသားများနှင့် အတူတကွ ကျောင်းအသိုင်းအဝိုင်းများနှင့် ကျောင်းအဆောင်များတွင် နေထိုင်ခြင်းဖြင့် ခြားနားချက်များကို ရပ်တန့်၍ အတားအဆီးများကို ကျော်လွန်နိုင်ရန် သင်ယူကြမည် ဖြစ်သည်။
UWC ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုမှာ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ကျောင်းဝင်းတွင် နေထိုင်ခြင်းဖြစ်သည်။ ၎င်းကြောင့် သင်ယူမှုများသည် စာသင်ခန်းများပြင်ပတွင်လည်း ဆက်လက်တိုးတက်နိုင်ပါသည်။ မျှော်မှန်းချက်များ သို့မဟုတ် လာမည့် အလုပ်တာဝန်များအတွက် အကြံဉာဏ်လိုအပ်ပါက မနက် မှ ညအထိ ဆရာ/ဆရာမများက သင်နှင့်အတူ အတွေးအမြင်များနှင့် အသိပညာများကို မျှဝေနိုင်ပါသည်။ ထို့အပြင် သင်၏ ဖန်တီးမှု၊ လှုပ်ရှားမှုနှင့် ဝန်ဆောင်မှု (CAS) လှုပ်ရှားမှုများစွာကို ဆရာ/ဆရာမများအပြင် ဝန်ထမ်းများနှင့်လည်း မျှဝေနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် သင်၏ ဇီဝဗေဒ ဆရာ/ဆရာမနှင့်အတူ လေ့လာရေးခရီးများသွားခြင်း၊ မီးဖိုဆောင်ဝန်ထမ်းနှင့်အတူ ကျောင်းဥယျာဉ်တွင် စိုက်ပျိုးခြင်း၊ သို့မဟုတ် ကမ္ဘာ့နိုင်ငံရေးဆိုင်ရာသင်ကြားသော ဆရာ/ဆရာမနှင့်အတူ မိမိ စီမံကိန်းများ သို့မဟုတ် ဝန်ဆောင်မှု လှုပ်ရှားမှုများ ဖန်တီးတည်ဆောက်ခြင်းတို့ ပါဝင်နိုင်သည်။ ယုံကြည်စိတ်ချရသော လူကြီးများနှင့် ခိုင်မာသော ဆက်ဆံရေးများ ဖန်တီးနိုင်ပြီး၊ ၎င်းတို့သည် သင်၏ UWC အသိုင်းအဝိုင်းနှင့် ခရီးစဉ်အတွက် အရေးပါသော အဖွဲ့ဝင်များ ဖြစ်လာမည်ဖြစ်သည်။